အရှင်နန္ဒမာလာဘိဝံသ၏ ဗျာသနတရားဖြင့် နိဗ္ဗာန်ထိအောင် စွမ်းဆောင်ခြင်း။ *******************************************သူတော်စင်တွေ ဆုတောင်းတိုင်း ၀ိပတ္တိတရား လေးပါး။ ဗျာသနတရား ငါးပါး။ ဆိုတာကြပါ တယ်။ အဲဒီ ဗျာသနတရား ငါးပါးမှာ==ဥာတိဗျသန=ဆွေမျိုးတွေထဲက ပျက်စီးမှု။ ဘောဂဗျသန= စည်းစိမ်ဥစ္စာတွေ ပျက်စီးမှု။ ရောဂဗျသန=ရောဂါဝေဒနာ ဖြစ်ခြင်းဖြင့် ပျက်စီးမှု။ သီလဗျသန=အကျင့်သီလ ပျက်စီးမှု။ ဒိဌိဗျသန=အယူဝါဒအမြင်ရဲ့ ပျက်စီးမှုတို့  ဖြစ်ကြတယ်။ အဲဒီပျက်စီးခြင်း ငါးမျိုးထဲက လူတွေအလေးထားနေကြတာ၊ ပျက်စီးမှာ ကြောက်ကြတာ၊ ဥာ တိဗျသန-ဆွေမျိုးတွေ ပျက်စီးမှာ ကြောက်ကြတယ်။ ဘောဂဗျသန-စည်းစိမ်ဥစ္စာတွေ ပျက်စီးမှာ ကြောက်ကြတယ်။ ရောဂဗျသန-ရောဂါတွေဖြစ်မှာကြောက်ကြတယ်။ သီလဗျသန-ကိုယ်ကျင့်တရား ပျက်မှာကို မကြောက်ဘူး။ ဒိဌိဗျသန-အယူဝါဒ အမြင်စောင်းသွားမှာ ပျက်စီးမှာ မကြောက်ကြဘူး။ တကယ် ကြောက်စရာကောင်းတာက သီလဗျသန နဲ့  ဒိဌိဗျသန က ကြောက်စရာ ကောင်း တယ်။ ကျန်တဲ့ ဗျသန သုံးပါးက ကြောက်စရာ မကောင်းဘူး။ လူတွေ စိုးရိမ်သောက ရောက်နေကြ တာက=ဆွေမျိုးသားချင်းတွေ ပျက်စီးမှာ စိုးရိမ်တယ်။ ပစ္စည်းဥစ္စာတွေ ပျက်စီးလို့ ငိုတယ်။ ပျက်စီး မှာ စိုးရိမ်ကြတယ်။ ရောဂါ ဖြစ်လို့  ငိုတယ်။ ရောဂါမဖြစ် စေချင်ဘူး။ သီလပျက်လို့  ငိုတဲ့ပုဂ္ဂိုလ်ဟာ မကြားဘူး လောက်အောင်ကို ရှားတယ်။ အယူဝါဒ ပျက်စီးလို့  ငိုတဲ့ပုဂ္ဂိုလ်လဲ မကြားဘူး လောက်အောင်ကို ရှားပါးပါတယ်။ သို့ သော် မြတ်စွာဘုရား ဟောထား တာက ဥာတိဗျသန၊ ဘောဂဗျသန၊ ရောဂဗျသန၊ ဒါတွေ ပျက်စီးလို့ ကတော့ ငရဲမကျဘူး။ သံသ ရာဝဋ်ဆင်းရဲမှာ ဒုက္ခမဖြစ်ဘူး။။ သီလဗျသန၊ ဒိဌိဗျသန၊ အဲဒါ နှစ်ပါး ပျက်စီးရင်တော့ သံသရာမှာ ဒုက္ခ ရောက်ပြီတဲ့။။ အဲဒါတွေကို မပူကြလို့  တန်ဘိုးရှိတဲ့ သီလကို ငွေကြေးနဲ့  လဲလိုက်ကြတာဘဲ။ "အဒိန္နဒါနာ ဝေ ရမဏိ သိက္ခာပဒံ သမာဒိယာမိ။" သူများပစ္စည်း မယူပါဘူးလို့  ဆောက်တည် ထားပေမဲ့၊ တော် တော်များများက အခွင့်သာလို့ ရှိရင် သီလ အပျက်ခံပြီးတော့ ယူလိုက်ကြတာပါဘဲ။ ။ အခွင့်အရေး မပေးတဲ့အခါ၊ စားစရာ မရှိတဲ့ အခါမှာ "၀ိကာလ ဘောဇနာ ဝေရာမဏိ သိက္ခာ ပဒံ သမာဒိယာမိ"၊ တဲ့။ စားစရာနဲ့  ကြုံတဲ့အခါကျတော့ အေး...နောက်မှပဲ သီလဆောက်တည် တော့မယ် ဆိုပြီး လုပ်ထည့်လိုက်ကြတာ။ အဲဒါမျိုးဟာ အနှစ်ကို အနှစ်မှန်း မသိလို့  ဒီလိုဖြစ်တာ။ လူ့ ဘ၀မှာ လူရယ်လို့  ဖြစ်လာတဲ့အခါ တကယ့် အရေးကြီးတဲ့ အနှစ်ကို ယူတတ်ဖို့ လိုတယ်။ ။ မြတ်စွာဘုရားက==လောကမှာ ရာထူး၊ ဂုဏ်သိမ်၊ စည်းစိမ်ချမ်းသာ၊ ပစ္စည်းဥစ္စာ၊ မခံစား ဘူး ဆိုတာ မရှိဘူးလို့  "အနမတဂ္ဂသုတ်မှာ" ဟောထားတယ်။ အင်မတန် ကောင်းတဲ့အာရုံတွေ အင်မတန် နှစ်သက်တဲ့ အရာတွေ၊ ကြုံတွေ့ လို့ ရှိရင် ဘယ်လိုစဉ်းစားရမလဲဆိုရင် ဒီလောက် ရှည်ကြာတဲ့ သံသရာခရီးမှာ၊ ငါလည်းဒါမျိုးတွေ ကြုံဘူးတယ်လို့  ဒီလိုပဲ အောက်မေ့ပါ။ အဲဒီလို အောက်မေ့တာနဲ့ တန်းတန်းစွဲ မဖြစ်တော့ဘူးပေါ့။ စိတ်ကိုထိန်းတဲ့ နည်းတစ်နည်းပါ။ ။ ကိုးပါးသီလ ထဲမှာ အထွဋ်တင် ဆောက်တည်ထားတဲ့ "မေတ္တာသဟ ဂတေန စေတသာ သဗ္ဗပါဏ ဘူတေသု"-သတ္တ၀ါတွေအပေါ်မှာ မေတ္တာထားတယ်။ မုန်းစရာပုဂ္ဂိုလ်တွေ့ ရင် ဟိုအရင် ဘ၀တုံးက ငါ့အမေ(သို့ မဟုတ်)ငါ့အဖေ၊ ငါ့အကို၊ ညီ၊ အစ်မ၊ ညီမ၊ ဆွေမျိုးတွေပဲလို့  နှလုံးသွင်း လိုက်မယ်ဆိုရင်၊ အမုန်းတရားတွေ ပျောက်ကွယ်သွားမှာပါ။ ကုသိုလ်ကို နှစ်ပိုင်းခွဲမယ် ဆိုရင် သံသရာထဲမှာ ချမ်းချမ်းသာသာ နေနိုင်စေတာလဲ ကုသိုလ် ပဲ။ သံသရာထဲမှ လွတ်မြောက်ဖို့ ရာလဲ ကုသိုလ်ပဲ၊။ သံသရာလည်စေတဲ့ ကုသိုလ်က တဏှာရဲ့ အလွမ်းအမိုးကို ခံနေရတဲ့ ကုသိုလ်။ တဏှာ မကင်းသေးတဲ့ ကုသိုလ်။ တကယ်တော့ ကုသိုလ်က သံသရာထဲကို လည်စေတာ မဟုတ်ဘူး။ အတွယ်အတာက လည်စေတာ။ တဏှာက လည်စေတာ။ အဲဒီလို တဏှာဆိုတဲ့ အတွယ်အတာ ဘာကြောင့်ပေါ်ရတာလဲ ဆိုရင် အမှန်မသိတဲ့ အ၀ိဇ္ဖာကနေ ပုံဖေါ်ပေးနေလို့  ပေါ်တာဖြစ်တယ်။ မလှတာကို လှတယ်လို့  ပုံဖေါ်ပေးတယ်။ မကောင်းတာကို ကောင်းတယ်လို့  ပုံဖေါ်ပေးတယ်။ အ၀ိဇ္ဇာက အလှ၊ အကောင်း၊ မြင်လာအောင် သွေးဆောင်တဲ့အတိုင်း၊ တဏှာကနေ လိုက်ပြီး တွယ်တာတယ်၊ အဲဒီ အ၀ိဇ္ဖာ-တဏှာ နှစ်ခုကြောင့် သံသရာ ရှိနေတာ။ သူတို့ ဟာ သံသရာရဲ့  အမြစ်နှစ်ခုပဲ။ အဲဒီအမြစ် နှစ်ခုကို မဖယ်နိုင်ရင်တော့ သံသရာထဲမှာ သူကအကျိုး ပေးနေအုံးမှာ။ ဒီအမြစ်နှစ်ခုကို ဖယ်ရှားလိုက်တာနဲ့  သံသရာရဲ့ ဘောင်ကို ဖြတ်ကျော်ပြီးတော့ နိဗ္ဗာန်ထိအောင် ရောက်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ။ ။ { ၁၃၆၉-ခုနှစ် အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားတော်မူသော "အကာကိုပစ်၍ အနှစ် ကိုရှာ" တရားတော်မှ ကောက်နုတ် ရေးသား ပါသည်။ } “ဆုတောင်းပတ္တနာ” ဓမ္မဒါန၊ ဤပုညကြောင့်၊ ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊ ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊ အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊ လျင်စွာရစေ၊ တောင်းဆုခြွေသည်၊ မသွေပြည့်ဝပါစေသော်။ ဦးသိန်းဝေ။
0 comments:
Post a Comment