Wednesday, November 20, 2013

**စာပေ သုံးမျိုး နှင့် စာဖတ်နည်း သုံးမျိုး**

**စာပေ သုံးမျိုး နှင့် စာဖတ်နည်း သုံးမျိုး**
"စာပေသည်...."
ကွမ်းယာနှင့်တူသောစာ၊
ကြံနှင့်တူသောစာ၊
နွားနို့နှင့်တူသောစာ ဟူ၍ ၃မျိုးရှိသည်၊၊

ပစ္စက္ခ၊သံသရာ၊လောကီ၊ လောကုတ္တရာ ဘာမျှအကျိုးမရှိသော အပစ်အခတ်၊ အညစ်အပတ်၊ ချစ်ကြိုက် ညားကွဲ၊ အကြောင်းအရာများကိုသာ ရေး သားထားသော စာမျိုးသည် အရည်ရော အဖတ်ပါ ထွေးပစ်ရသည့် ကွမ်းယာနှင့်တူသော စာပေမျိုးတည်း..။

ပစ္စက္ခဘ၀ နှင့် လောကီအတွက်သာ အကျိုးရှိသော ဘ၀ပညာပေးစာအုပ်များ၊ တက်ကျမ်းစာအုပ်များသည် အရည်ကိုမျိုချပြီး အဖတ်ကိုထွေးထုတ်ရသည့် ကြံနှင့်တူသော စာပေမျိုးတည်း...။

ပစ္စက္ခ၊သံသရာ၊လောကီ၊ လောကုတ္တရာ၊ သုတ ရသ စုံအောင်ရေးသားထားသော စာအုပ်မျိုးသည် အရည်ရော အဖတ်ပါမျိုချရသည့် နွားနို့နှင့်တူသော စာပေမျိုးတည်း..။

သက်တမ်းတိုသည့်အချိန်ဖြစ်သောကြောင့် မှန်ကန်သော၊ အကျိုးရှိသော ၊ စိတ်ဝင်စားဖွယ်ကောင်းသော အဂါင်္ ၃ချက်နှင့်ညီသော စာအုပ်များကို ဦးစားပေး၍ ဖတ်သင့်ပါသည်၊၊

"စာဖတ်နည်းသည်......"
စာရေးဆရာနောက်မှ လိုက်၍ ဖတ်ခြင်း၊
စာရေးဆရာနှင့် ရင်ဘောင်တန်းဖတ်ခြင်း၊
စာရေးဆရာကို ကျော်၍ဖတ်ခြင်းဟူ၍ ၃မျိုးရှိသည်။

ထိုနည်းတို့တွင် စာရေးဆရာရေးသလောက်သာ သိခြင်းသည် စာရေးဆရာနောက်မှ လိုက်၍ ဖတ်ခြင်းဖြစ်သည်။

ရည်ရွယ်ချက်နှင့်စေတနာကို သိအောင်ဖတ်ခြင်းသည် စာရေးဆရာနှင့် ရင်ဘောင်တန်းဖတ်ခြင်း ဖြစ်သည်။

မည်သည့်စာကိုဖတ်ဖတ် ကိုယ်ပိုင်အသိ ဖြင့်ထိုးထွင်း၍ အနတ္တဆိုက်အောင်ဖတ်နိုင်ခြင်းသည် စာရေးဆရာကိုကျော်၍ ဖတ်ခြင်းဖြစ်သည်။ အနည်းဆုံး စာရေးဆရာကိုရင်ဘောင်တန်းဖတ်နိုင်မှ သာစာဖတ်ရကျိုးနပ်ပါသည်၊၊
မေတ္တာရှင်(ရွှေပြည်သာ)

စာဖတ်သူများအားမေတ္တာအပြည့်ဖြင့်မျှဝေပါသည်။

0 comments:

Post a Comment