Wednesday, November 20, 2013

ဝါဆိုလိုလို ပြာသိုလိုလို အင်္ဂါလိုလို ဗုဒ္ဓဟူးလိုလို

ဝါဆိုလိုလို ပြာသိုလိုလို အင်္ဂါလိုလို ဗုဒ္ဓဟူးလိုလို

မောင်သာချို 

အတွဲ (၁၂)၊ အမှတ်(၃၅)

(တစ်)

အမျိုးသားခေါင်းဆောင်ကြီး၊ အာဇာနည်ခေါင်းဆောင်ကြီး၊ မြန်မာ့တပ်မတော်၏ဖခင်ကြီး၊ မြန်မာ့လွတ်လပ်ရေး၏ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာဆောင်ဖိတ်စာလေးက တော်တော့ကို ချစ်ဖို့ကောင်းပါသည်။ မင်္ဂလာထမင်းစားပွဲ ဖိတ်ကြားစာတဲ့။ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေသင်္ဂဟများကို မင်္ဂလာဦးထမင်းဖိတ်ကြွေးသည့် ဖိတ်စာ။

နေရာကိုထားလိုက်ပါတော့။ အချိန်ကိုဖော်ပြပုံကလေး။ ၁၃၀၄ ခုနှစ် ၀ါခေါင်လပြည့်ကျော် ၁ ရက် တနင်္လာနေ့တဲ့။ ကျွန်တော့်စိတ်ထဲ ဗိုလ်ချုပ်၏လိပ်ပြာကို စွဲငြိသွားမိကြောင်း ၀န်ခံလိုပါသည်။ မြန်မာဆန်လိုက်တာဆိုသည့် အတွေးနဲ့ပေါ့။ ခရစ်နှစ်၊ လ၊ ရက် မပါ။ ၁၃၀၄ ခုနှစ် ၀ါခေါင်လပြည့်ကျော် ၁ ရက် တနင်္လာနေ့တဲ့။

(နှစ်)

တစ်ရက် အင်္ဂလိပ်စာကို အဓိကထား၍သင်သော ကျောင်းက ဆယ်နှစ်ဝန်းကျင်ခန့် သားငယ်ကလေးတစ်ယောက်ရှိရာ အိမ်သို့ အလည်အပတ်ရောက်ရှိ၍သွားခဲ့ရာ ကျွန်တော်က “ကျောင်းမတက်ဘူးလား သား”ဟူ၍ လှမ်းမေးမိပါသည်။ သူက ဟောလီးဒေး (Holiday)တဲ့။ ကျောင်းပိတ်တယ် ဦးဦးတဲ့။ ကျွန်တော်က ဘာနေ့မို့လို့လဲသားရဟု စကားဆက်မိရာ ကလေးက ဆန်းဒေး(Sunday)ဟု ဖြေပါသည်။

ကျွန်တော့်စိတ်ထဲ ကလေးကို ချစ်လည်းချစ် စလည်းစချင်သဖြင့် ဟုတ်ပါပြီသားရဲ့ ဆန်းဒေးဆိုတာ မြန်မာလို ဘာနေ့လဲကွဟု ဆက်မေးကြည့်လိုက်ရာ ကလေးက တစ်ခဏတွေသွားပါသည်။ ပြီးတော့မှ .. “ဆန်းဒေးဆိုတာ မြန်မာလိုဆိုတော့ ကျောင်းပိတ်တဲ့နေ့ပေါ့”တဲ့။

ကလေးက အဝေးသို့ထွက်ပြေးသွားပါသည်။ သူနှင့်ကျွန်တော့ကြားက စကားလည်း ပြတ်တောက်သွားပါသည်။

“တနင်္ဂနွေ”ဆိုသည့် နေ့၏နာမည်ကို သူပြောဖို့ ခက်နေလိုက်တာ။

ကျွန်တော်က သည်ကလေးကို အပြစ်မတင်လို၊ အပြင်မတင်ရက်ပါ။ ကျွန်တော်လို လူကြီးတစ်ယောက်ကပင်လျှင် မြန်မာလကိုသိချင်၍ ပြက္ခဒိန်ထကြည့်နေရသော အနေအထား၌ နုနယ်ငယ်ရွယ်သော ကလေးတစ်ယောက် ပတ်ဝန်းကျင်အနေအထားကြောင့် ကိုယ့်ဘ၀နှင့် ကိုယ့်ဝန်းကျင်ကို မရင်းနှီး၊ မကျွမ်းဝင်ဖြစ်နေခြင်းသည် ဘာမှမဆန်းကြယ်လှပါ။

ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးများ၌ မင်္ဂလာဆောင်ဖိတ်စာပဲရိုက်ရိုက်၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ရေကူးသင်တန်းပဲ ကြော်ငြာကြော်ငြာ၊ လုပ်ငန်းကိုင်ငန်းအတွက် အချိန်းအချက်ပဲလုပ်လုပ် မြန်မာသက္ကရာဇ်ကိုမသုံးပါ။ တပေါင်းလပြည့်ကျော် ၃ ရက်နေ့၌ အင်္ဂလိပ်စကားပြောသင်တန်းစမည်ဟု မည်သူမျှမကြော်ငြာ။

ယခုခေတ် ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးတစ်နေရာက ကျောင်းသားလူငယ် တစ်ယောက်ယောက်ကို သည်လမြန်မာလို ဘာလလဲဟု မေးခွန်းထုတ်လိုက်လျှင် လူအများစုတို့ ကြောင်တောင်တောင် ဖြစ်သွားကြလိမ့်မည်ဟု ထင်ပါသည်။ ကျောင်းသားလူငယ်များမှ မဟုတ်ပါ။ လူရွယ်၊ လူလတ်၊ လူကြီးများပင်လျှင် ဇဝေဇ၀ါဖြစ်သွားလိမ့်မည်ဟု ထင်ပါသည်။နတ်တော်လိုလို၊ ပြာသိုလိုလို၊ တပေါင်းလိုလို၊ တန်ခူးလိုလို။

ကျောင်းများ၊ ရုံးများအပါအ၀င် ကုမ္ပဏီတွေ၊ ကော်ပိုရေးရှင်းတွေ၊ ဘဏ်တွေနှင့် ဖွံ့ဖြိုးတိုးတက်နေသည့် မြို့ကြီးပြကြီးများ၌ အင်္ဂလိပ် နှစ်၊ လ၊ နေ့ရက်များနှင့်သာ အကျွမ်းတ၀င်ဖြစ်နေကြသည်မှာ အပြစ်တော့မဟုတ်ပါ။ နိုဝင်ဘာတွေ၊ ဒီဇင်ဘာတွေ၊ ဆန်းဒေးတွေ၊ မန်းဒေးတွေ။

ဟုတ်ပါသည်။ တချို့တချို့သော ကလေးငယ်များဆိုလျှင် မြန်မာလကို အသာထားပါဦး။ မြန်မာနေ့ကိုသော်မှ ကြောင်တက်တက် ဖြစ်လာကြပါလေပြီ။ တနင်္လာဟုပြောသည်ထက် မန်းဒေးဟုဆိုမှ သူတို့က နားပို၍ ရှင်းသွားကြပုံရပါသည်။

ပြဿနာမဟုတ်ပါ။ January တွေ၊ February တွေလည်း ယနေ့ခေတ်လူသားများနှင့် သက်ဆိုင်ပါသည်။ Sunday တို့၊ Monday တို့လည်း သက်ဆိုင်မြဲသက်ဆိုင်ဆဲ ဖြစ်ပါသည်။ သို့သော်...

ကိုယ့်နှစ်၊ ကိုယ့်လ၊ ကိုယ့်ရက်များကို တဖြည်းဖြည်းအသုံးနည်းလာ၊ အသုံးနည်းလာရာက လုံးဝကွယ်ပျောက်၊ လုံးဝကွယ်ပျောက်ရာက ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိသည့် လူမျိုးဖြစ်သွားမှာကိုဖြင့် စိုးရိမ်မိပါသည်။

စာရေးဆရာ Alex Haley ရေးသားခဲ့ပြီး ဆရာမောင်ထွန်းသူ ဘာသာပြန်ဆိုသည့် “ဇာစ်မြစ်” (Roots) ၀တ္ထုတစ်နေရာ၌ ကျွန်ကုန်သည်များ၏ ဖမ်းဆီးမှုကို ခံရပြီးနောက် အမေရိကတိုက်သို့ ရောက်လာသည့် အာဖရိကလူမည်းမိသားစုတို့သည် မိမိတို့၏မျိုးရိုးဗီဇနှင့် ဓလေ့ထုံးတမ်းစဉ်လာများ၊ ဘ၀နှင့်ဝန်းကျင်များ မှေးမှိန်သေးသိမ်ထွေပြားေ၀၀ါး၍ မသွားရန် ကြီးရင့်သူ အဘိုးအဘွားတို့က ငယ်ရွယ်သူ မြေးငယ်မြစ်ငယ်တို့အား ည-ညများ၌ လက်ဆင့်ကမ်းသင်ပေးကြသည့် ဇာတ်ဝင်ခန်းကလေးပါဝင်ရာ ကြေကွဲစရာကောင်းလှပါသည်။

(သုံး)

စာပေရေးသားခြင်းဖြင့် အသက်မွေးဝမ်းကျောင်းသူ ကျွန်တော့်အဖို့ မကြာခဏဆိုသလို စာပေဟောပြောပွဲများ အဖိတ်ကြားခံရလေ့ရှိရာ အညာဘက်ကများ ဖုန်းဆက်လာလျှင် ချစ်စရာအသံကလေးများကို ကြားရလေ့ရှိပါသည်။

“နတ်တော်လဆန်း ၈ ရက်ကနေ ၁၂ ရက်ကြားမှာ အားပါသလား ခင်ဗျ”

ဒါက မြင်းခြံခရိုင် ဇဂျမ်းကန်မြဲဘက်က အသံ။

“တန်ဆောင်မုန်းလဆန်း ၅ ရက်နေ့လောက် မှန်းတာပါပဲ ဆရာ”

ဒါက ပခုက္ကူဘက်ကအသံ။

ရန်ကုန်မှာ သည်အသံမျိုးတွေ ကြားရလေ့မရှိ။

မြန်မာ့ နှစ်၊ လ၊ ရာသီ၊ နေ့ရက်များကို ကလေးတို့နှင့် မိတ်ဆက်ပေးသည့် ကလေးကဗျာလေးများ ရှိပါသည်။ ဥပမာ- ဆရာတင်မိုး။

တနင်္ဂနွေ တနင်္လာ
လေတွေ မိုးတွေလာ။
အင်္ဂါ ဗုဒ္ဓဟူး
လေပြည်တဖြူးဖြူး
ကြာသပတေး သောကြာ
လမင်းထိန်ထိန်သာ
စနေတစ်ခုတည်း
မိုးတွေ ရေတွေ ရွှဲ။

နောက်ထပ်တစ်ပုဒ်ကိုလည်း ဆရာတင်မိုးကပင် ဖွဲ့ဆိုပြန်ပါသည်။

တနင်္ဂနွေ တနင်္လာ
ချိုးကလေး ကူသံသာ။
အင်္ဂါ ဗုဒ္ဓဟူး
ချိုးကလေး တကူကူး။
ကြာသပတေး သောကြာ
ချိုးကလေး မှန်မှန်လာ။
စနေမှာ မလာအား
ချိုးကလေး ပြန်လို့သွား။

ကဗျာကို သံပြိုင်ရွတ်ဆိုကြရင်းက မြန်မာနေ့ခုနစ်နေ့ကို အစဉ်အတိုင်း မှန်မှန်ကန်ကန် သိရှိမှတ်မိသွားစေနိုင်မည့် ကလေးကဗျာလေးများပင်ဖြစ်ပါသည်။

လအလိုက် ရွာတတ်သော မိုးကို ကလေးတို့နှင့် မိတ်ဆက်ပေးနိုင်သည့် ကဗျာလင်္ကာလေးများလည်း ရှိပါသေးသည်။

၁။ တန်ခူးမည်မှတ်
ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး။ 
၂။ ကဆုန်အတွင်း
မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့။
၃။ နယုန်မိုးသေး မြက်သားမွေး။
၎။ ၀ါဆိုလပြောင်း
မိကျောင်းဖွေးဖွေး
မိုးအေးအေး။
၅။ ၀ါခေါင်တစ်ကြောင်း
ထနောင်းကြောင်ခြစ်
ဆူးရစ်ပွင့်ကာ မိုးမရွာ
ရွာပါသော်လည်း မိုးမသည်း။
၆။ တော်သလင်းတိမ်ညို
စဖို သည်ဆင်းရဲ မိုးမစဲ။
၇။ သီတင်းကျွတ်တွင်
ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး။
၈။ တန်ဆောင်မုန်းတွင်
ဆီးနှင်းတစ်ပြိုက်
မိုးတစ်လိုက်။
၉။ နတ်တော်ရောက်ငြား
မိုးသားမငြိမ် ဆင်ရာတိမ်။
၁၀။ ပြာသိုချမ်းပြင်း
ဆီးနှင်းရောယှက် နှံဖုံးဖျက်။
၁၁။ တပို့တွဲ နွဲ၍ရွာခြင်း
သံမိုးကြွင်း။
၁၂။ တပေါင်းလည်းကူး
မိုးသားကြူး။

မြန်မာလတို့ကို အစဉ်လိုက်ဖော်ပြကာ ၁၂ လပတ်လုံး ရွာတတ်သည့်မိုးနှင့် မိတ်ဆက်ပေးထားသည့် ကဗျာလင်္ကာလေးဖြစ်ရာ ကျစ်လျစ်ထိမိလှပါသည်။

ကိုယ့်နေ့ ကိုယ့်ရက်၊ ကိုယ့်လ ကိုယ့်နှစ်၊ ကိုယ့်မိုး၊ ကိုယ့်ဆောင်း၊ ကိုယ့်နွေအကြောင်းကို ကိုယ့်နိုင်ငံသားကလေးတို့ ရင်းနှီးအောင် မိတ်ဆက်ပေးသင့်လှပါသည်။

0 comments:

Post a Comment